https://www.moi.gov.mm/npe/niungngntteaaciimnaupkhuprekeaangciiukktttth-ttpmtteaakaakyreuuciikhup-biulkhupmuukii-5 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ သတင်းဌာနများ၏ တွေ့ဆုံမေးမြန်းမှုများကို လက်ခံဖြေကြား နေပြည်တော် မတ် ၂၆ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ပြည်သူ့ ကောင်စီဥက္ကဋ္ဌနှင့် သမ္မတ၏ သတင်းပြန်ကြားရေးဆိုင်ရာ အကြံ ပေးပုဂ္ဂိုလ်ဖြစ်သူ Mr.Pavel GUSEVနှင့် ရုရှားနိုင်ငံမှ သတင်း ဌာနများအား နေပြည်တော်ရှိ ဆင်ဖြူတော်ဧည့်ရိပ်သာ၌ သီးခြား စီ လက်ခံတွေ့ဆုံ၍ သိရှိလိုသည့် မေးမြန်းချက်များကို ဖြေကြား ခဲ့သည်။ ထိုသို့တွေ့ဆုံမေးမြန်းရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့သည့် အခြေအနေများ၊ တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းဆောင်ရွက် နေမှုနှင့် ဆက်လက်ဆောင်ရွက် သွားမည့်အခြေအနေများ၊ ရုရှား-မြန်မာ စီးပွားရေးပူးပေါင်းဆောင် ရွက်မှုများကို ဆက်လက်မြှင့်တင် ဆောင်ရွက်နိုင်မည့် အခြေအနေ များ၊ COVID-19 ရောဂါ ကာကွယ် တားဆီး ကုသရေးနှင့် ပတ်သက်၍ ဆက်လက်လုပ်ဆောင်သွားမည့် အခြေအနေများနှင့် အခြားသိရှိလို သည့်မေးမြန်းမှုများကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည့်ပြည့်စုံစုံ ရှင်းလင်းဖြေကြား ခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ် ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အစိတ်အပိုင်းအား ပဉ္စမအကြိမ် ကြိုဆိုပင့်ဆောင်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပ နေပြည်တော် မတ် ၂၆ ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အစိတ်အပိုင်းအား ပဉ္စမအကြိမ် ကြိုဆိုပင့်ဆောင်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မဟာမင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။ အခမ်းအနားသို့ လယ်ဝေးမြို့နယ် သံဃနာယက ဥက္ကဋ္ဌ မြို့ဦးဓမ္မာရုံဆရာတော် ဘဒ္ဒန္တအဂ္ဂစာရ အမှူးပြုသော ဆရာတော်သံဃာတော် အရှင်သူမြတ် များ ကြွရောက်ချီးမြှင့်တော်မူကြပြီး စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့် သန်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင်နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။ ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး လယ်ဝေးမြို့နယ် သံဃနာယကဆရာတော် အမှူးပြုသော သံဃာတော် အရှင်သူမြတ်တို့က မေတ္တာပို့ဂါထာတော်များကို ရွတ်ဆိုပူဇော်၍ မေတ္တာပြုတော်မူသည်။ ထို့နောက် ဘုရား ဒါယကာ၊ ဒါယိကာမများနှင့် ဧည့်ပရိသတ် အပေါင်းတို့က အရိယာသာဝိတ္ထီဂါထာ၊ ဘုရား ဂုဏ်တော်ကိုးပါး၊ ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော် ပါဝင် သော ရတနတ္တယပူဇာဂါထာများနှင့် မေတ္တာပို့လင်္ကာ များကို သံပြိုင်ညီညာစွာ ရွတ်ဆိုပူဇော်ကြသည်။ ဆက်လက်ပြီး ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်ကြီး၏ ဆင်းတုတော် အပိုင်း(၄)ကို လယ်ဝေးမြို့နယ် သံဃနာယက ဆရာတော်က ဦးဆောင်၍ တက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများ၊ ဘုရားဒါယကာများက အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြပြီး ဇယမင်္ဂလာအောင်ဂါထာတော်များကို ရွတ်ဆိုပူဇော် ကြသည်။ ထို့နောက် မင်္ဂလာအချိန်တွင် ဘူမိဖဿ မုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး၏ ဆင်းတုတော် အပိုင်း(၄)ကို အပူဇော်ခံမည့် နေရာသို့ ဆက်လက်ပင့်ဆောင်တော်မူကြသည်။ ယင်းနောက် ဗုဒ္ဓသာသနံစိရံတိတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းခဲ့ရာ ဝတ်အသင်းများက အရပ်ဆယ်မျက်နှာ မေတ္တာပို့ လင်္ကာများဖြင့် မေတ္တာဘာဝနာပွားများ ပူဇော်ခြင်း နှင့် အမျှပေးဝေခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနား အောင်မြင်ပြီးမြောက်ခြင်း အထိမ်း အမှတ်အဖြစ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုး ခဲ့ကြသည်။ ယနေ့ကြိုဆိုပင့်ဆောင်သည့် ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ၏ ဆင်းတုတော်အပိုင်း (၂)အရန် အလေးချိန် ၅၆၃ တန်နှင့် ဆင်းတုတော်အပိုင်း (၄)အလေးချိန် တန် ၈၀၀ ရှိပြီး အဆိုပါအစိတ်အပိုင်းများအား မတ်လ ၂၀ ရက်နေ့တွင် ဆီမီးခုံဆိပ်ကမ်းမှ Modular Trailer များဖြင့် ပင့်ဆောင်ခဲ့ကာ နေပြည်တော်ကောင်စီ နယ်မြေ မင်္ဂလာနေရာသို့ မတ် ၂၅ ရက်တွင် ရောက်ရှိ ခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ် တစ်မိုးလုံး ဖျောက်ဆိပ်ချည်းပဲ “ကိုရိုနာဗိုင်းရပ်စ်” တည်းဟူသော ကမ္ဘာ့ကပ်ရောဂါသည် နွားသိုးကြိုးပြတ်ပမာပင် ကမ္ဘာတစ်ဝန်းသို့ ကဆုန်ပေါက် ၍ ပြေးလွှားဆော့ကစားလာခြင်းကြောင့် ကမ္ဘာ့လူသားတို့ ကြိုတင်မျှော်လင့်မထားသော ဘေးဒုက္ခဆိုးများကို တိုး၍ တိုး၍ ရင်ဆိုင်လာနေရချိန်တွင် တကြွကြွ တရွရွ ဟန်ရေး ပြနေသော ယင်းဗိုင်းရပ်စ်ပိုးကို အကြောင်းပြု၍ ကမ္ဘာ့ နိုင်ငံများ၏ ရုတ်ခြည်းပြောင်းလဲလာသော လူမှုရေးနှင့် စီးပွားရေးဘဝ ပုံရိပ်များ အသို့ရှိသည်ကို ကျွန်ုပ်စေ့ငုမိ လေ၏။ “လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေ” ဟူဘိသို့ပင် ကမ္ဘာ့လူသားထု တစ်ရပ်လုံးအား ယူကြုံးမရ အပူလုံးကြွ စေသော “ကိုရိုနာဗိုင်းရပ်စ်”ကို ကမ္ဘာ့ဘုံရန်သူအဖြစ် သတ်မှတ်ကြလျက် နိုင်ငံတကာတွင် အစွမ်းကုန်ချေမှုန်း တိုက်ဖျက်နေကြသည့်တိုင်အောင် ကမ္ဘာ့မဟာအင်အားကြီးနိုင်ငံများပင်မကျန် ကြိုတင်မခန့်မှန်းနိုင်ခဲ့သော ဆိုးကျိုးသက်ရောက်မှုများကို အံကြိတ်ခံနေကြရဆဲ ဖြစ်ကြောင်း ကျွန်ုပ် လေ့လာတွေ့ရှိရ၏။ ခြိမ်းခြောက် ကလူပြု ခေတ်သစ်သမိုင်းတွင် စံတင်ရလောက်သော “နိုင်း-အီလဲဗင်း” အကြမ်းဖက်တိုက်ခိုက်မှုကြီး၊ “၂၀၀၈ ခုနှစ် ဘဏ္ဍာရေးကပ်ဆိုက်မှု” စသည့် ပြင်းထန်ဆိုးရွား လှသည့် ရန်သူကြီးများ၏ အမှတ်မထင်တိုက်ခိုက်မှုများ ကို ပြန်လည်၍ တစ်ရေးထင်ထင် ပုံရိပ်ထင်မိ၏။ သို့တမူ ကား ယခုခေါင်းထောင်လာသော “ကိုရိုနာဗိုင်းရပ်စ်” ပိုးမှာမူ ကမ္ဘာ့နိုင်ငံမရွေး၊ လူသားတို့၏ ရာထူးဂုဏ်သိန် ဥစ္စာ စည်းစိမ်မရွေး၊ လူတန်းစားအလွှာ ဆူကြုံနိမ့်မြင့် မရွေး လူသားမှန်သမျှကို ခြိမ်းခြောက်ကလူပြုလျက်ရှိ၏။ “ကိုရိုနာဗိုင်းရပ်စ်” ဘေးအန္တရာယ်ကိုအကြောင်းပြု ၍ နယ်စပ်စည်းရိုး တံခါးပေါက်များကို သော့ခတ်လာ ကြရ၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူးသန်းသွားလာမှုများကို တားမြစ်ပိတ်ပင်လာကြရ၊ “ကျန်းမာရေး ခြေချုပ်” အရ မိမိ၏ နေအိမ်တွင်းမှာပင် စိတ်မသက်မသာဖြင့် နေထိုင် လာကြရ၊ ရုံးဆင်း ရုံးတက်၊ အလုပ်ဆင်း အလုပ်ပြန် လူနေ မှုဘဝကို ခေတ္တအဆုံးသတ်ကာ မိမိ၏နေအိမ်မှာပင် အွန်လိုင်းမှတစ်ဆင့် အလုပ် လုပ်ကိုင်လာကြရသည်အထိ ကမ္ဘာတစ်ဝန်းတွင် လူမှုရေးဘဝ ဒယိမ်းဒယိုင် ဖြစ်ခဲ့ကြရ၏။ ဗိုင်းရပ်စ်ပိုး ကူးစက်မှုမခံရရေးအတွက် တစ်ဦးနှင့် တစ်ဦး ပွေ့ဖက်နှုတ်ဆက်ခြင်းနှင့် လက်ဆွဲနှုတ်ဆက်ခြင်း တို့ကိုပင် ပြုလုပ်ခွင့်မရတော့သည့် အခြေအနေတွင် ကမ္ဘာ့လူသားတို့၏ လူနေမှုဘဝနှင့် စီးပွားရေးဘဝတို့ကို ထိခိုက်စေသည့် “ကိုရိုနာဗိုင်းရပ်စ်”ကြောင့် ဖြစ်ပေါ်လာ နိုင်အံ့သော ဆိုးကျိုးသက်ရောက်မှုများကို ကုစားနိုင်ရန် ကျွန်ုပ်တို့ ဆက်လက်ကြိုးပမ်းနေကြရပါဦးမည်။ အကျည်းတန်အရုပ်ဆိုး အမေရိကန်ပြည်ထောင်စုရှိ နယူးယောက်မြို့မှ သည် ဥရောပတိုက်၏ အလှပဆုံး မြို့ကြီးများဖြစ်ကြသော ပါရီမြို့နှင့် မဒရစ်မြို့တို့အထိ လူသားတို့၏ စီးပွားရေး ဘဝလှုပ်ရှားမှုများ ရုတ်ခြည်းနှေးကွေးထိုင်းမှိုင်းသွားခဲ့ရသည်ကို တွေ့မြင်ကြရ၏။ ယခင်က နီယွန်မီးရောင် တထိန်ထိန်ဖြင့် ညလုံးပေါက် သာယာလှပခဲ့သော မြို့ပြ များ၏ ညအလှမှာ အကျည်းတန်အရုပ်ဆိုး ဖြစ်ခဲ့ရချေပြီ။ စားသောက်ဆိုင်များ၊ ကုန်တိုက်ကြီးများ၊ အပန်းဖြေစရာ နေရာများ စသည့်နေရာများတွင် လူသူကင်းမဲ့ကာ ခြောက်သွေ့သွားရပြီး သရဲခြောက်သည်ဆိုသော မြို့ကြီး များပမာ ဖြစ်စေသည်မှာ “ကိုရိုနာဗိုင်းရပ်စ်” ပင် မဟုတ် ပါလော။ “ကိုရိုနာဗိုင်းရပ်စ်” ကပ်ရောဂါကြောင့် ကမ္ဘာ့စီး ပွားရေးထိုင်းမှိုင်းမှု စတင်ဖြစ်ပေါ်လာပြီဟု စီးပွားရေး ပညာရှင်များက သုံးသပ်ကြရာ ကျွန်ုပ်တို့မှာ ဘဝအရေး အတွက် ရင်တက်မအေးကြရပြီ။ ဗိုင်းရပ်စ်ပိုး အစပြုခဲ့ရာ ဝူဟန်မြို့တည်ရှိရာ တရုတ်နိုင်ငံသည် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့အတွင်း စီးပွားရေးအရ ပြင်းပြင်း ထန်ထန် ထိုးနှက်ခံခဲ့ရသည်။ ကမ္ဘာပေါ်တွင် စီးပွားရေး အရ ဒုတိယ အင်အားအကြီးဆုံးဖြစ်သော တရုတ်နိုင်ငံ သည် “ကိုရိုနာဗိုင်းရပ်စ်” တည်းဟူသော ရန်သူ၏ထိုးနှက် ချက်ကို အလူးအလဲခံခဲ့ရပြီးနောက်ဝယ် ပြန်လည်၍ လူးလွန့် ရုန်းကန်ကာ အားသစ်မွေးနေပုံမှာလည်း ကမ္ဘာ့ နိုင်ငံများကို လက်ရှိပြဿနာမှ ရုန်းထကြဖို့ သင်ခန်းစာ များ ပေးစွမ်း၏။ တရုတ်နိုင်ငံသည် “ကိုရိုနာဗိုင်းရပ်စ်”ကို ထိန်းချုပ် နိုင်ရန် နှစ်လကျော်ကြာမျှ အကြိတ်အနယ် လှုပ်ရှားရုန်း ကန်ခဲ့ရပြီးနောက် ယင်းရောဂါပိုးကူးစက်မှု လုံးဝမရှိတော့ သည့် နေ့ရက်တစ်ရက်ကို မတ်လ ၁၈ ရက်တွင် သမိုင်း မှတ်တိုင် စိုက်ထူနိုင်ခဲ့သည်။ ကမ္ဘာကျော်ကြားခဲ့ရသော ဝူဟန်မြို့တွင် မတ်လ ၁၈ ရက်က ရောဂါပိုး ထပ်မံကူးစက်ခံရ သူကို မတွေ့ရှိရတော့ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိ အမှတ်ပြုခဲ့သည်။ သိကြားစေ သက်သေညွှန်း ရောဂါပိုးကိုထိန်းချုပ်နိုင်သည့် သာဓကအဖြစ် ဝူဟန် မြို့က ကမ္ဘာကို သိကြားစေသက်သေညွှန်းကြောင်း၊ ယင်းမြို့သည် “ကိုရိုနာဗိုင်းရပ်စ်” ဘေးအန္တရာယ်ကို လွယ် ထားကြရသော ကမ္ဘာ့နိုင်ငံများအားလုံးအတွက် မျှော်လင့် ချက်ကိုပေးစွမ်းကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီး အကဲ ကက်ဒရော့စ် အဒမ်နွမ်က ပြောကြားသည်။ “ကိုရိုနာဗိုင်းရပ်စ်”၏ ဗဟိုပြုချက်သည် တရုတ်နိုင်ငံမှ နေ၍ ဥရောပတိုက်သို့ ရွှေ့သွားခဲ့ပြီး ဥရောပရှိ အီတလီနှင့် စပိန် စသည့်နိုင်ငံများတွင် လူတို့ ခေါင်းမမော်ဝံ့လောက် အောင်ပင် ယင်းဗိုင်းရပ်စ်ပိုးက ဆက်လက်၍ ခေါင်းထောင် နေဆဲ၊ နှိပ်စက်နေဆဲရှိနေ၏။ အီတလီနိုင်ငံ၌ “ကိုရိုနာဗိုင်းရပ်စ်” ကူးစက်မှု စတင် ခဲ့ပြီးချိန်နောက်ပိုင်း တစ်ရက်ပြီးတစ်ရက် ရောဂါကူးစက်မှု ပြင်းထန်ခဲ့ကာ မြေထဲပင်လယ်ဒေသရှိ ယင်းနိုင်ငံတွင် ယင်းဗိုင်းရပ်စ်ကြောင့် တစ်ရက်တည်းမှာပင် သေဆုံးသူ ဦးရေ ၆၂၇ ဦးအထိ စံချိန်တင်မြင့်တက် ခဲ့ကြောင်း မတ်လ ၂၀ ရက် သတင်းများတွင် ကျွန်ုပ် ဖတ်ရှုရ၏။ အီတလီနိုင်ငံတွင် “ကိုရိုနာဗိုင်းရပ်စ်” ကူးစက်ခံထား ရသူ ၄၇၀၂၁ ဦး အထိ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ အနောက်ကမ္ဘာတွင် “ကိုရိုနာဗိုင်းရပ်စ်” ကူးစက်နှုန်း တရိပ်ရိပ် မြင့်တက်လာချိန်တွင် ကပ်ရောဂါကူးစက်မှု ဘေးအန္တရာယ်မှ အာရှနိုင်ငံများကျော်လွှား လွန်မြောက်နိုင် ရေးအတွက် ကြိုးပမ်းခဲ့ကြပုံများမှာ ကမ္ဘာကိုစံနမူနာပြသ နိုင်ကာ “ကျန်းမာရေး” အရ အာရှနိုင်ငံများက ပေးစွမ်းသော သင်ခန်းစာများကို ကမ္ဘာက လေ့လာသင့်ကြောင်း ကျန်းမာ ရေး ပါရဂူများက ထောက်ပြကြလေသည်။ သင်ခန်းစာ - ၁ (အလေးအနက်ထား၊ သွက်သွက်လုပ်) “ကိုရိုနာဗိုင်းရပ်စ်” ထိန်းချုပ်ရေး အာရှနိုင်ငံများ၏ ကျန်းမာရေးစီမံချက်များမှာ စံတင်ရလောက်၏။ ရောဂါပိုး ရှိ၊ မရှိ စမ်းသပ်စစ်ဆေးမှုကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ် ခြင်း၊ ရောဂါပိုးကူးစက်ခံထားရသူများကို သီးသန့် ခွဲထုတ် ထားခြင်း၊ လူမှုရေးဆက်ဆံမှု ဖြတ်တောက်စေခြင်းတို့ ဖြစ်၏။ ဤစီမံချက်များကို အလေးအနက်ထား၍ သွက်သွက်ပြုမူရန် လိုအပ်၏။ ဗြိတိန်နှင့် အမေရိကန်တို့သည် တရုတ်နိုင်ငံနှင့် အလှမ်းကွာဝေးသဖြင့် “ကိုရိုနာဗိုင်းရပ်စ်”အန္တရာယ်ကို ပြည်သူတို့ လျှော့တွက်ခဲ့ကြပုံရသည်ဟု ကျန်းမာရေး ပညာရှင်များက သုံးသပ်ကြသည်။ “ကိုရိုနာဗိုင်းရပ်စ်” ပိုးသည် ရောဂါလက္ခဏာ ချက်ချင်းမပြသေးဘဲ ငုပ်လျှိုးနေတတ်ပေရာ ရောဂါ လက္ခဏာ မပြသေးသူထံမှ အခြားတစ်ဦးထံသို့ ဆက်လက် ကူးစက်နိုင်သဖြင့် ရောဂါပိုး ရှိ၊ မရှိ စမ်းသပ်စစ်ဆေးမှုကို အထူး အလေးပေးသင့်သည်ဆို၏။ သင်ခန်းစာ-၂ (ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်စစ်ဆေး) တောင်ကိုရီးယားနိုင်ငံ၌ ကပ်ရောဂါကူးစက်မှုအစတွင် ရောဂါကူးစက်ခံရသူဦးရေ တရိပ်ရိပ်မြင့်တက်ခဲ့သော်လည်း ပြည်သူ ၂၉၀၀၀၀ ကျော်အထိကို ရောဂါပိုး ကူးစက်ခံထားရ ခြင်း ရှိ၊ မရှိ စမ်းသပ် စစ်ဆေးပေးခဲ့သည်။နေ့စဉ် လူပေါင်း ၁၀၀၀၀ ခန့်အထိကို စစ်ဆေးပေးခဲ့ခြင်းဖြစ်ပြီး အခမဲ့ စစ်ဆေးပေးမှုဖြစ်သည်။ လူထုအတွင်း ရောဂါပိုးကူးစက်မှုရှိ၊ မရှိ စစ်ဆေးသည့် လုပ်ငန်းကို တောင်ကိုရီးယားက စံနမူနာ ပြသနိုင်ကြောင်း စင်ကာပူ အမျိုးသားတက္ကသိုလ်မှ ကူးစက်ရောဂါဗေဒ ပါမောက္ခ အိုရီအွန်ရွန်း က ပြောကြားသည်။ နှိုင်းယှဉ်ချက်အရဆိုရသော် အမေရိကန်က ရောဂါပိုး ရှိ-မရှိ စမ်းသပ် စစ်ဆေးမှုခံယူရေးမှာ ပြည်သူများအတွက် အခက်အခဲကြီးတစ်ခုဖြစ်သည်။ ပုဂ္ဂလိက ဓာတ်ခွဲခန်းများ ကြီးကြီးမားမားရှိသော်လည်း ဝန်ဆောင်စရိတ် မြင့်တက် မှုဒဏ်ကို ပြည်သူတို့ခံကြရသည်။ နောက်ဆုံးတွင်မူ ပြည်သူများအခမဲ့ စမ်းသပ်မှုခံယူနိုင်ရန် လုပ်ဆောင်ပေးခဲ့ ရသည်။ သို့ရာတွင် ဆေးဝါးကုသစရိတ် ကြီးလေးလှသည်။ ဗြိတိန်နိုင်ငံတွင်လည်း ဆေးရုံသို့ရောက်ရှိလာသော သံသယလူနာများကိုသာ စမ်းသပ်စစ်ဆေးပေးခဲ့သည်။ ဆေးရုံပြင်ပ လူနေရပ်ကွက်များအတွင်း ရောဂါလက္ခဏာ မပြသေးဘဲ နေထိုင်သူများရှိနေရာ ရောဂါကူးစက်မှုကို မီးလောင်ရာ လေပင့်ဖြစ်စေသည်။ နိုင်ငံအချို့ ကြုံတွေ့ရသောပြဿနာမှာ ရောဂါပိုးရှိ၊ မရှိ အလျင်အမြန်ဆုံး ရှာဖွေပေးနိုင်သောစနစ် အားနည်း နေခြင်းဖြစ်သည်။ သင်ခန်းစာ-၃ (သီးသန့်ခွဲထုတ်ထား) ရောဂါပိုးရှိ၊ မရှိ စမ်းသပ်ကြည့်ရုံမျှဖြင့် ရောဂါ ကာကွယ်ရေးလုပ်ငန်း မအောင်မြင်နိုင်ပေ။ ရောဂါပိုး ရှိသည်ဟု သံသယဖြစ်ရသူများကို သီးသန့်ခွဲထုတ်ထားမှု ပြုလုပ်ရပေမည်။ စင်ကာပူနိုင်ငံတွင် သံသယလူနာများကို သီးသန့် ခွဲထုတ်ထားပြီး ရောဂါပိုးရှိသူနှင့် တွေ့ထိဆက်ဆံခဲ့သူ များအားလုံးကို ရောဂါပိုးလက္ခဏာများ ပြသလာခြင်း ရှိ၊ မရှိ သိရှိနိုင်ချိန် ရောက်သည်အထိ သီးသန့်ခွဲထုတ်ထား သည်။ စင်ကာပူနိုင်ငံတွင် သံသယလူနာများအားလုံး နေအိမ်အပြင် မထွက်ရအမိန့်ကို လိုက်နာကြရပြီး ရောဂါ ပိုး ကူးစက်မှုကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ခဲ့သည်။ သို့ရာတွင် လူဦးရေများပြားသည့် နိုင်ငံကြီးများတွင်မူ ကျန်းမာရေးခြေချုပ်ချရန် အခက်အခဲများရှိနေပြီး ပုဂ္ဂလိကလွတ်လပ်ခွင့်ကို တန်ဖိုးထားသောနိုင်ငံများ ဖြစ်ကြသဖြင့် အစိုးရအနေဖြင့် ပြည်သူများကို ချုပ်ချယ် ကန့်သတ်မှုပြုရန် အခက်အခဲများရှိနေသည်။ လူဦးရေ နည်းပါးသော စင်ကာပူနိုင်ငံတွင်မူ ကျန်းမာရေးဆိုင်ရာ စည်းကမ်းများ အာဏာသက်ဝင်ရန် ပိုမိုလွယ်ကူသော အနေအထားရှိသည်။ သင်ခန်းစာ-၄ (လူမှုရေးအရ အထီးကျန်ထားခြင်းကို အချိန်မဆိုင်းသင့်) ရောဂါပိုးကူးစက်မှု ထိန်းချုပ်ရေးလုပ်ငန်းတွင် လူမှု ရေးအရ အထီးကျန်ထားခြင်းကို မလွှဲဧကန် လုပ်ဆောင် ရန် လိုအပ်ကြောင်း ကျန်းမာရေးပါရဂူများက ထောက်ပြ ကြသည်။ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် မြို့ကြီးတစ်မြို့လုံးကို ကျန်းမာရေး ခြေချုပ်ချထားခဲ့ရပြီး လူ့သမိုင်းတွင် အကြီး အကျယ်ဆုံးသော အထီးကျန်ထားမှု ဖြစ်ခဲ့သည်။ အီတလီနှင့် စပိန်နိုင်ငံတို့တွင် ရောဂါကူးစက်သူ ဦးရေ တရိပ်ရိပ်မြင့်တက်လာချိန်တွင် ပြည်သူတို့ကို နေအိမ်များအတွင်း၌သာ နေထိုင်စေပြီး အသွားအလာ ထိန်းချုပ်ကန့်သတ်မှုများ ပြုလုပ်ခဲ့ရသည်။ နယူးယောက် နှင့် ကယ်လီဖိုးနီးယား ပြည်နယ်တို့တွင်လည်း ဈေးဝယ် ထွက်ခြင်းမှအပ ကျန်အချိန်များတွင် နေအိမ်များအတွင်း ၌သာ နေထိုင်စေသည်။ ရုံးမတက်ဘဲ အွန်လိုင်းဖြင့်သာ လုပ်ကိုင်စေသည်။ လူမှုရေးအရ အထီးကျန်ထားခြင်းစီမံချက်အရ လူစု လူဝေးပြုလုပ်ခြင်းကို ပိတ်ပင်ခဲ့ပြီး စာသင်ကျောင်းများကို ပိတ်ခဲ့သည်။ အရေးကြီးသည်မှာ ပြည်သူတို့ကိုယ်တိုင် အထီးကျန်ဆန်ဆန်နေထိုင်ခြင်းကို ကြည်ကြည်ဖြူဖြူ လက်သင့်ခံရန်ဖြစ်သည်။ သင်ခန်းစာ-၅ (ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးခြင်း) ကျန်းမာရေးအစီအမံများကို အင်တိုက်အားတိုက် ဖော်ဆောင်ရေးတွင် ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရေးမှာ အထူးအရေးကြီးလှသည်။ ပြည်သူ များကိုယ်တိုင် ရောဂါတားဆီးကာကွယ်ရေးတွင် တက်တက်ကြွကြွ ပူးပေါင်းပါဝင်လာစေရေးအတွက် အစိုးရတာဝန်ရှိသူများက လူထုအား အသိပညာပေးရေး လုပ်ငန်းကို ဦးစားပေးဆောင်ရွက်ကြရပေမည်။ သင်ခန်းစာ-၆ (ပွဲလမ်းသဘင်များကို ရပ်ဆိုင်းခြင်း) အစဉ်အလာအရ သိုက်သိုက်ဝန်းဝန်း ကျင်းပလာခဲ့ ကြသော ပွဲတော်များတွင် ပါဝင်ဆင်နွှဲရခြင်းမရှိသဖြင့် စိတ်ပျက်လက်ပျက်ဖြစ်ခြင်းကို ပြည်သူတို့ကိုယ်တိုင် ရှောင်လွှဲရပါမည်။ ရောဂါထိန်းချုပ်ဟန့်တားရေးတွင် ပြည်သူတစ်ဦးချင်းစီ၏ အသိစိတ်ဓာတ် မြင့်မားမှုက အထူးပင်အရေးကြီးလှသည်။ ပြည်သူတို့သာလျှင် အခရာ အကျဆုံးဖြစ်သည်။ “ကိုရိုနာဗိုင်းရပ်စ်”သည် တစ်ကမ္ဘာလုံးကို အန္တရာယ်ပြု ခြိမ်းခြောက်နေချိန်တွင် လူတိုင်းလူတိုင်း ကျန်းမာရေးအသိတရား မြင့်မြင့်မားမား ရှိနေကြကာ ကျန်းမာရေးပါရဂူများ၏ ညွှန်ကြားချက်များနှင့်အညီ သတိကြီးကြီးထား၍ လိုက်နာဆောင်ရွက်ကြခြင်းဖြင့် ကမ္ဘာ့ရန်သူအဖြစ် သတ်မှတ်ခံထားရသော ကပ်ရောဂါဆိုး ကြီးမှ ကျော်လွှား လွန်မြောက်နိုင်ကြလိမ့်မည်ဟု တွေးတောမိရင်း “တစ်မိုးလုံး ဖျောက်ဆိပ်ချည်းပဲ” ဟု ကျွန်ုပ် ကျူးရင့်မိပါသတည်း။ ။